Skip to main content

မှောင်မိုက်ခြင်းရဲ့ နောက်ကွယ် - ၁

 


အပြင်မှာ ရန်ကုန်မိုးက ထုံးစံအတိုင်း တမြေ့မြေ့နဲ့ရွာနေ၏။

ရန်ကုန်တိုင်းပုလိပ်တပ်ဖွဲ့ရုံးမှာကလည်း လူများများစားစားမရှိ။
တစ်ရုံးလုံးတွင် လက်နှိပ်စက်စာရေး၏စာရိုက်သံတဂျောက်ဂျောက်နှင့် ကျွန်ုပ်၏စားပွဲမှ တစ်ချက်တစ်ချက် ရယ်သံများသာပေါ်ထွက်နေသည်။
ယနေ့မှ ထူးထူးခြားခြား . . အမှုမရှိလျှင်ရုံးလာခဲသည့် ကိုမင်းခေါင်တစ်ယောက် ရုံးကိုရောက်နေသည်။
သူလည်း အမှုမရှိတော့ မိုးအေးအေးနှင့် ပျင်းနေ၍ဖြစ်မည်။
ကျွန်ုပ်တို့အတူတူဖော်ထုတ်ခဲ့ကြသော အမှုများအကြောင်း စမြုံပြန်ပြောကြရင်း ပြာတာမောင်သက်ဝယ်ပေးသော လက်ဘက်ရည်နှင့် မိုးအေးအေးနှင့် တစ်နေ့တာကို ဖြတ်သန်းနေကြတော့သည်။
 
"ကလင် ကလင် ကလင် . . "
 
ရုံးဖုန်းမည်သံကြောင့် စကားစခဏဖြတ်ပြီး ဖုန်းကို ကျွန်ုပ်ကောက်ကိုင်လိုက်သည်။
 
"ကောင်းပြီ ကောင်းပြီ ကျုပ်တို့အခုလာခဲ့မယ်"
 
ဖုန်းပြန်ချလိုက်ရင်း တစ်ဆက်တည်း ကိုမင်းခေါင်ဘက်လှည့်ကာ . . .
" ကိုမင်းခေါင်ရေ လာဗျို့ တရုတ်တန်းဘက်မှာ လူသတ်မှုတစ်ခုဖြစ်သွားတယ်တဲ့၊ သွားကြရအောင်"
 
ဆားပုလင်းမင်းခေါင်က ချွတ်ထားသော ကုတ်အင်္ကျီကိုကျကျနနပြန်ဝတ်လိုက်သည်။
ထို့နောက် စားပွဲပေါ်တင်ထားသော သူ၏သက္ကလပ်ဦးထုပ်ကို လှမ်းယူလိုက်ပြီး အဆင်သင့်ဖြစ်သွားသည်။ 
 ကျွန်ုပ်လည်း အံ့ဆွဲထဲမှ ခြောက်လုံးပြူးသေနတ်၊ လက်ထိတ်နှင့်၊ ရဲဝန်ထမ်းကတ်ပြားတို့ကိုယူပြီးလျှင် ရုံးအောက်သို့ဆင်းလာခဲ့ကြသည်။
 ထို့နောက် ကျွန်ုပ်၏ ကားဖြင့်ပင် အခင်းဖြစ်ပွားရာ တရုတ်တန်းဘက်သို့ ထွက်ခွာခဲ့ကြ၏။
 
အခင်းဖြစ်ရာလမ်းထဲကို ချိုးဝင်လိုက်ကတည်းက အိမ်တစ်ခုရှေ့မှာ လူတွေစုရုံး အုံဖွဲ့နေကြသည်ကိုတွေ့လိုက်ရသည်။
အခင်းဖြစ်ပွားရာအိမ်ပဲဖြစ်မည်ဟု အတပ်သိလိုက်သည်။
 
"ကိုသက်တင်ရေ ကားကိုဒီနားမှာပဲရပ်ခဲ့ဗျာ၊ ကျွန်တော်တို့ ဆင်းလျှောက်ကြတာပေါ့"
ပြောပြောဆိုဆိုနှင့် ကိုမင်းခေါင်ကားပေါ်ကဆင်းသွားသည်။
 
တဖွဲဖွဲကျနေသော မိုးများကိုလည်း မမှု၊ သက္ကလပ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းရင်း စီးကရက်တစ်လိပ်ကိုမီးညှိပြီး ရှိုက်လိုက်သည်။
ထို့နောက် မီးခိုးငွေ့များကိုဖြေးညှင်းစွာမှုတ်ထုတ်ရင်း အခင်းဖြစ်ပွားရာ လူအုပ်ထဲသို့တိုးဝင်သွားသည်။
သူ၏ရှည်လျားသော အရပ်အမောင်းနှင့် ခန့်ညားသောသွင်ပြင်ကြောင့် အခင်းဖြစ်ရာကို ဝိုင်းအုံကြည့်နေကြသော လူတွေကလည်း ဘေးကိုရှဲပေးကြ၏။
အခင်းဖြစ်ရာနေရာမှာတော့ ပုလိပ်များရောက်နေနှင့်ပြီ။
 
ကျွန်ုပ်နှင့် ကိုမင်းခေါင်တို့ ရောက်လာသည်ကိုမြင်တော့ ဆလံပေးပြီး 
"ဟာ ဆရာကိုမင်းခေါင်ရောက်လာပြီဟေ့" ဟုအော်ကြသည်။
ထိုစဉ် လူအုပ်ကြီးမှာလည်း ကိုမင်းခေါင်ဟူသော နာမည်ကြားလိုက်သဖြင့် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တီးတိုးစကားများပြောကြသည်။
 
"ဟာ အဲ့ဒါနာမည်ကြီးစုံထောက်ကြီး ဆားပုလင်းမင်းခေါင်ဆိုတာလား၊ ခန့်ငြားလိုက်တဲ့ရုပ်ကွာ"
 
"ဟုတ်ပတော်၊ အရပ်အမောင်းကြီးကလည်း ဟိုမျက်နှာဖြူကောင်တွေနဲ့တောင် ယှဉ်လို့ရတယ်"
စသဖြင့် တီးတိုးကြဟူ၏။
 
ပုလိပ်ကလေးများ၏ လမ်းညွှန်မှုဖြင့် အလောင်းရှိရာ အိမ်အပေါ်ထပ်သို့တက်ခဲ့ကြသည်။
တစ်အိမ်လုံးမှာ လူကုံထံတစ်ယောက်၏နေအိမ်မှန်း သိသာနိုင်သော အဆောင်အယောင်များနှင့် အလှဆင်ထား၏။
အခင်းဖြစ်ပွားရာ အိပ်ခန်းထဲဝင်လိုက်ချိန်တွင် ကျွန်ုပ်စိတ်ထဲ တစ်မျိုးတစ်မည်ခံစားလိုက်ရ၏။
အိမ်ခန်းတစ်ခန်းလုံး အနီရောင်ကိုအသားပေးပြီး ဆေးချယ်ထားသည်။
မီးရောင်များကလည်း နီကျင့်ကျင့်ဖြစ်နေသည်။
အနီရောင်ဆိုသည်မှာ အပူရောင်၊ အေးငြိမ်းသက်သာစွာ အနားယူရမည့် အိပ်ခန်းများတွင် သုံးလေ့မရှိဟု ကျွန်ုပ်မှတ်ထားသည်။
ဒါပေမယ့် ဒီလူက တရုတ်မို့ ရိုးရာအနီရောင်သုံးတာဖြစ်မှာပါဟု ပြန်တွေးလိုက်သည်။
 
လူသေအလောင်းကြီးမှာ အိမ်အပေါ်ထပ်ရှိ အိပ်ခန်းအလယ်မျက်နှာကျက်မှ တွဲလောင်းကျနေသည်။
လည်ပင်းတွင်နစ်ဝင်နေသောကြိုး၊ ညိုပုတ်နေသောမျက်နှာနှင့်၊ ပြူးအစ်နေသော မျက်လုံးများကြောင့် မသေခင်တွင် အတော်လေး မချိမဆန့်ခံခဲ့ရမည့်ပုံရှိသည်။
အနီရောင်အခန်း၊ အနီရောင်မီးများကြောင့် အလောင်းကြီးမှာ ပို၍ကြောက်စရာကောင်းနေသည်။
အလောင်း၏မျက်နှာကို မကြည့်ချင်ကြည့်ချင်နှင့် သေချာကြည့်လိုက်တော့ အသားနီစပ်စပ်နဲ့ မျက်နှာဝိုင်းဝိုင်း၊ မျက်ပေါက်လည်းကျဉ်းသောကြောင့် လူလတ်ပိုင်းအရွယ် တရုတ်တစ်ယောက်ဖြစ်မည်ဆိုသည်မှာ ပိုသေချာသွားသည်။
 
အိပ်ခန်းထဲသို့ ကျွန်ုပ်တို့ဝင်လာသည်ကို မြင်သည်နှင့် အရင်ရောက်နှင့်နေကြသော စုံထောက်ကိုတင်ဝင်းနှင့်၊ ကိုဖေစန်းတို့က မှတ်ချက်ချသည်။
 
"လူသေမှုပါဗျာ၊ သူ့ကိုယ်သူကြိုးဆွဲချပြီးသတ်သေသွားတာ"
 
"ဟုတ်ပ ကျုပ်တို့က လူသတ်မှုဆိုပြီး ကျုပ်တို့ပညာခန်းတွေပြရတော့မယ်မှတ်တာဗျို့"
 
လူရှေ့သူရှေ့တွင် လူတတ်ကြီးတွေလုပ်နေကြသော ထိုနှစ်ယောက်ကို မြင်ပြင်းကတ်လှသဖြင့်
"လူသတ်မှုဖြစ်တော့ရော၊ ခင်ဗျားတို့လိုက်တာ ဘယ်အမှုများပေါ်ဖူးလို့တုန်း၊ လုပ်မနေစမ်းပါနဲ့ဗျာ၊ နောက်ဆုံးတော့ ကိုမင်းခေါင်ပဲ ဖော်ပေးရတာပဲမဟုတ်လား"
 
ကျွန်ုပ်၏ စကားကြောင့် ၎င်းတို့နှစ်ယောက်မှာ အရှိုက်ကိုတည့်တည့်အထိုးခံလိုက်ရသော သူများပမာ ရှုံ့မဲ့သွားကြ၏။
 
ထို့နောက် မကျေမချမ်းမျက်နှာများနှင့် အောက်ဆင်းသွားကြလေတော့သည်။
ကိုမင်းခေါင်ကတော့ မည်သူနှင့်မှစကားမပြောဘဲ ရောက်ကတည်းက အလောင်းကြီးကို သူ၏ချစ်သူရည်းစားအလား လက်ကိုဆုပ်ကိုင်လိုက်၊ အနီးကပ်စေ့စေ့စပ်စပ်ကြည့်လိုက်နှင့်လုပ်နေ၏။
ထိုမျှမက အနီးနားကပ်၍ နမ်းရှုပ်ကြည့်နေလိုက်သေးသည်။
ထို့နောက် ခုတင်ဘေးရှိစားပွဲပေါ်က ဘရန်ဒီပုလင်းအလွတ်ကိုကိုင်ကြည့်ပြီး ကြမ်းပြင်ကိုလည်း ကုန်းနမ်းကြည့်နေပြန်သေးသည်။
ခုတင်အောက်က သေတ္တာလေးတစ်ခုကိုတွေ့သွားပြီး ဆွဲယူလိုက်သည်။
ပြီးနောက် သေတ္တာကိုဖွင့်ကြည့်လိုက်ပြီး မျက်မှောင်တစ်ချက်ကုတ်သွားသည်။
ထို့နောက် သေတ္တာကိုပြန်ပိတ်လိုက်ပြီး လှမ်းမေးသည်။
 
"ဒီအိမ်မှာက အိမ်သားတွေ ဘယ်နှယောက်ရှိလဲ" 
 
အနီးနားရှိ ပုလိပ်ကလေး မောင်ညိုက ပြန်ဖြေသည်။
"သေဆုံးသူ ဦးရှောင်တိတ်နဲ့ ဇနီးဒေါ်မေဆောင်းတို့ပဲ နေတာပါ"
 
"ဪ အဲဒါဆို အခုဒေါ်မေဆောင်းကရော"
 
"အောက်ထပ်က ဧည့်ခန်းထဲမှာပါ
ခုနက ဆရာတို့က အပြင်ဘက်လှေခါးကတက်လာလို့မတွေ့ခဲ့တာ"
 
"ကဲ လာ ကိုသက်တင်ရေ အောက်ထပ်ကို ဆင်းကြရအောင်ဗျာ"
 
ဧည့်ခန်းထဲရောက်တော့ ဆက်တီခုံတစ်ခုပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။
ဝမ်းနည်းငိုကြွေးထားသဖြင့် ဒေါ်မေဆောင်းပင်ဖြစ်မည်ဟု မှတ်ချက်ချလိုက်သည်။
အိမ်ထောင်သည်မို့ အမည်မှာ 'ဒေါ်' တပ်ခေါ်ရသော်လည်း အသက်မှာ ၂၆/၂၇ လောက်ပင်ရှိဦးမည်။
ဇာအင်္ကျီလက်ပြတ်အဖြူရောင်လေးလေးဝတ်ထားပြီး၊ ဖဲထဘီအဖြူလေးဝတ်ထားသည်မှာ တရုတ်လူမျိုးများနာရေးမို့ အဖြူဝတ်တာဖြစ်မည်ဟု ကောက်ချက်ချမိပြန်သည်။
ပူဆွေးနေသည့်ကြားမှပင် အတော်လေးလှသော မိန်ကလေးတစ်ယောက်သည်ဟု အသိအမှတ်ပြုမိလိုက်သည်။
 
ဦးရှောင်တိတ်ဆိုသူမှာ အသက် ၃၀ ဝန်းကျင် တရုတ်လူမျိုးတစ်ယောက်ဖြစ်သော်လည်း ဒေါ်မေဆောင်းမှာတော့ အသက် ၂၇ လောက်သာရှိဦးမည့် မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်သည်။
ဒေါ်မေဆောင်း၏ ဘယ်နှင့်ညာတွင် ကိုတင်ဝင်းနှင့် ကိုဖေစန်းတို့ထိုင်နေကြသည်။
တရှုံရှုံငိုနေသော မိန်းကလေးကို တစ်ယောက်က ပုဝါလေးပေးလိုက် တစ်ယောက်က မိန်းကလေးပြောသမျှ ဘုတ်အုပ်မှာလိုက်မှတ်လိုက်နှင့် ဟုတ်နေကြသည်။
ကိုမင်းခေါင်နှင့် ကျွန်ုပ်မှာ သူတို့နှစ်ယောက်ပြီးသည်အထိ စိတ်ရှည်လက်ရှည်နှင့် စောင့်ပေးနေကြသည်။
အတန်ကြာတော့ သူတို့နှစ်ယောက်ကိစ္စဝိစ္စများပြီး၍ ထွက်သွားရန်ပြင်သည်။
ဒါတောင် အတော်နှင့်မထချင်ကြသေး။
ကျွန်ုပ် ချောင်းဟန့်သံတွေ ခဏခဏ လုပ်ပြမှ ရှက်ကိုးရှက်ကန်းနှင့်ထထွက်သွားကြသည်။
 
"ဒေါ်မေဆောင်း ဟုတ်ပါတယ်နော်"
 
ကိုမင်းခေါင်ရဲ့ အမေးကို ခေါင်းလေးမော့ကြည့်ရင်း ပြန်ဖြေရှာသည်။
"ဟုတ်ကဲ့ . . မေဆောင်းလို့ပဲခေါ်လို့ရပါတယ်"
 
"ကောင်းပြီလေ မမေဆောင်းကို ကျွန်တော် မေးချင်တာလေးတွေရှိလို့ပါ"
 
"ခုနက စုံထောက်ကြီးတွေလည်း မေးပြီးသွားပြီလေ
ကျွန်မ နားချင်နေပါပြီ"
 
"ခဏလေးပါ မမေဆောင်း မေးခွန်းလေးတစ်ခုနှစ်ခုလောက်ပါပဲ"
 
"ဟုတ်ကဲ့ မေးပါရှင်"
 
"မမေဆောင်း ဦးရှောင်တိတ် သေတာကို ဘယ်အချိန်မှာသိလဲ"
 
"လွန်ခဲ့တဲ့ ၂ နာရီလောက်ကပါရှင်၊ လွန်ခဲ့တဲ့ ၂ နာရီလောက်ကဆိုတော့ နေ့လည် ၁၂ နာရီလောက်ပေါ့၊ သိသိချင်း ပုလိပ်ရုံးကို အကြောင်းကြားခဲ့တာပါပဲ"
 
" ဦးရှောင်တိတ်မှာ၊ ထူးခြားတဲ့ အမူအကျင့်တွေရှိတယ်နော်၊
အဲ့ဒါ မမေဆောင်း သူနဲ့အိမ်ထောင်မပြုခင်ကတည်းက သိခဲ့တာလား၊ အိမ်ထောင်ကျပြီးမှ သိရတာလား"
 
"ရှင်"
 
ဒေါ်မေဆောင်းမှာ မျက်လုံးလေးအဝိုင်းသား၊ ပါးစပ်အဟောင်းသားဖြင့် ကိုမင်းခေါင်ကို ငေးကြည့်နေ၏။
သူမ၏ လက်ကလေးများမှာလည်း တုန်ရီလာပြီး တစ်ဖက်နှင့်တစ်ဖက် ဆုပ်ကိုင်ထားသည်။
ခေါင်းလေးကိုငုံ့သွားပြီး တရှုံ့ရှုံ့နှင့် ထပ်ငိုရှာပြန်သည်။
 
ကိုမင်းခေါင်က သူမ၏လက်ကလေးနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး
"မရှက်ပါနဲ့ မမေဆောင်း၊ အခုမပြောချင်လည်းရပါတယ်၊ ကျွန်တော် နားလည်ပါတယ်"
 
သူတို့နှစ်ယောက်ကို ဘေးကနေကြည့်နေရင်း သူတို့နှစ်ယောက်သာ စုံတွဲဖြစ်လျှင်အတော်လေးလိုက်ဖက်မှာဟု ကျွန်ုပ်တွေးနေမိသည်။
နောက်တော့ အခုမှ မုဆိုးမဖြစ်ထားရှာသော မိန်းကလေးအပေါ် မဖွယ်မရာတွေးမိလေချင်းဆိုပြီး အတွေးစကို အမြန်ပြန်ဖြတ်လိုက်ရသည်။ 
 
"ကျွန်တော် နောက်ဆုံးမေးခွန်းလေး တစ်ခုမေးပါမယ်
မမေဆောင်း မှန်မှန်ဖြေပေးပါ"
 
"ဟုတ် ဟုတ်ကဲ့"
 
"မနေ့ညက ဦးရှောင်တိတ်ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ကျွန်တော်ကြည့်ချင်တယ်"
 
"ရှင် . . အဲ့ အဲ့ဒါတွေ ကျွန်မ ပင်မင်းအပ်ထားလိုက်ပြီလေ"
 
"မမေဆောင်း မလိမ်ပါနဲ့၊ ဒီတရုတ်တန်းမှာ ပင်မင်းသမား ၄ ယောက်ရှိတယ်၊ တနင်္လာကနေ ကြာသပတေးနေ့အထိတစ်လှည့်စီလာကြတယ်၊ ကျန်တဲ့ ၃ ရက်မှာ မလာကြဘူး၊ စနေတနင်္ဂနွေမှာ လူတွေအားကြတော့ ကိုယ့်ဖာသာကိုယ်လျှော်ကြတာများလို့ သူတို့လာမကောက်ဘူး၊ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ဘယ်လိုနည်းနဲ့မှ လာမကောက်နိုင်သေးဘူး"
 
"ရှင် ကျွန်မ ကျွန်မ"
 
ဒေါ်မေဆောင်းမှာ ဘာမှမပြောနိုင်တော့ဘဲ မျက်နှာကို လက်နှင့်အုပ်ခါ တရှုံ့ရှုံ့ငိုနေရှာတော့သည်။
 
"စိတ်မကောင်းပါဘူး ‌မမေဆောင်း၊ ဦးရှောင်တိတ်ကို သတ်မှုနဲ့ ခင်ဗျားကို ဖမ်းလိုက်ပါပြီ၊ အိုင်ပီရေ ခင်ဗျားမှာ လက်ထိတ်ပါရဲ့မဟုတ်လား"
 
ကျွန်ုပ်မှာ ကိုမင်းခေါင်ကိုကြည့်ရင်း ဘာမှနားမလည်နိုင်ပဲ သူတောင်းသော လက်ထိတ်ကို ထုတ်ပေးလိုက်မိသည်။
ကိုမင်းခေါင်က ထိုလက်ထိတ်ကို လှမ်းယူပြီး မျက်နှာကိုလက်နှင့်အုပ်ပြီး ငိုနေသော ဒေါ်မေဆောင်း၏ လက်ကလေးများကို လှမ်းဆွဲယူပြီး လက်ထိတ်ခတ်လိုက်သည်။
ဒေါ်မေဆောင်းမှာ လက်ထိတ်အခတ်ခံလိုက်ရသော သူ့လက်နှစ်ဖက်ကို ကြည့်ရင်း အဓိပ္ပါယ်ဖော်ရခက်သော အပြုံးတစ်ခုကိုပြုံးရင်း တစ်ကိုယ်တည်းရေရွတ်သည်။
 
"နင်အခုထိ ငါ့ကို အလွတ်မပေးသေးတာပါလား" 
 
ထို့နောက် ကိုမင်းခေါင်ကို မော့ကြည့်လိုက်ပြီး
"ဒါကြောင့်လည်း ဆားပုလင်းမင်းခေါင်လို့ နာမည်ကြီးနေတာကိုး၊ ကျွန်မ မငြင်းတော့ပါဘူး၊ ဝန်ခံပါတယ်၊ ဒါပေမယ့် ဘယ်လိုလုပ်များ တစ်ထိုင်တည်း အမှုကိုဖော်ထုတ်လိုက်နိုင်တာလဲ ကျွန်မသိပါရစေလား"
 
ဆားပုလင်းမင်းခေါင်သည် စီးကရက်တစ်လိပ်ကိုထုတ်လိုက်ပြီး မီးညှိလိုက်သည်။
ထို့နောက် သူ မသောက်ဘဲ မမေဆောင်းကို လှမ်းပေးလိုက်သည်။
မမေဆောင်းမှာ တစ်ချက်အံ့ဩသွားသော်လည်း ပြုံးလိုက်ရင်း လှမ်းယူလိုက်သည်။
 
"အိပ်ခန်းထဲက ဆေးလိပ်ပြာခွက်ထဲမှာ နှုတ်ခမ်းနီရာပါတဲ့ ဆေးလိပ်တိုတွေတွေ့လို့ပါ"
 
မမေဆောင်းက ခေါင်းလေးတညိတ်ညိတ်လုပ်ရင်း စီးကရက်ကို ပါးစပ်မှာတေ့ပြီး တစ်ချက်ရှိုက်လိုက်သည်။
သူ၏လက်နှစ်ဖက်မှာ လက်ထိတ်တွဲခတ်ခံထားရသောကြောင့် စီးကရက်သောက်ရာတွင် လက်နှစ်ဖက်စလုံးမြှောက်ပြီးမှသောက်နေရသည်။
ကိုမင်းခေါင်က မမေဆောင်း စီးကရက်ဖွာလိုက်ချိန်တွင် သူမ၏လက်ဖမိုးတစ်နေရာမှ ခြစ်ရာဒါဏ်ရာလေးတစ်ခုကို ညွှန်ပြလိုက်ရင်း . . . 
 
"အဲ့ဒီဒါဏ်ရာလေးကြောင့် ဦးရှောင်တိတ်ကို မမေဆောင်းသတ်လိုက်တယ်ဆိုတာ ကောက်ချက်ချမိတော့တာပဲ၊ ဒီတစ်ချက်တည်းတော့ မဟုတ်ဘူးပေါ့ဗျာ၊ ကွင်းဆက်လေးတွေ အများကြီးဆက်စပ်ကြည့်ရတာပေါ့" 
 
ထို့နောက် ကိုမင်းခေါင်လည်း စီးကရက်တစ်လိပ်ကို ထုတ်ယူပြီးဖွာနေတော့သည်။
ကျွန်ုပ်လည်းသိချင်စိတ်က ထိန်းမရတော့သည်မို့
"ကိုမင်းခေါင်ရာ လုပ်စမ်းပါဦးဗျာ၊ အမှုကိုချက်ချင်းဘယ်လိုများကောက်ချက်ဆွဲပစ်လိုက်တာလဲ"
ဆားပုလင်းမင်းခေါင်က စီးကရက်ငွေ့များကို ဟန်ပါပါ မှုတ်ထုတ်လိုက်ပြီး သူ၏အမှုစိစစ်ပုံများကို ပြောပြတော့သည်။ 
 
"ဒီအိပ်ခန်းထဲကို ဝင်လာကတည်းက ကျုပ်က တစ်ခုခုတော့ ထူးခြားနေတယ်လို့ ခံစားမိသဗျ၊ ခင်ဗျားရော မခံစားရဘူးလား"
 
"အွန်း အနီရောင်တွေများနေတာကို ပြောတာလား၊ ကျုပ်ကတော့ ဦးရှောင်တိတ်ဟာ တရုတ်လူမျိုးမို့ အနီရောင်ချယ်ထားတယ်ထင်တာ"
 
"အွန်း ဟုတ်တယ်၊ အနီရောင်တွေ၊ အနီရောင်ကို မုခ်ဦးတို့၊ အိမ်တံခါးတို့မှာချယ်လေ့ရှိတာက ဓလေ့ပါ၊ ဒါပေမယ့် အိပ်ခန်းကို အနီရောင်လွှမ်းအောင်လုပ်ထားတာတော့ တစ်မျိုးထူးဆန်းနေတယ်၊ အနီရောင်က လူရဲ့စိတ်ကို ခြောက်ခြားစေတယ်၊ ကြွတက်စေတယ်၊ အထူးသဖြင့် လိင်စိတ်ပေါ့ဗျာ"
 
စကားစကို ခဏဖြတ်ပြီး မမေဆောင်းကိုလှမ်းကြည့်လိုက်သည်။
မမေဆောင်းမှာ ရှက်ရွံ့ဝမ်းနည်းစိတ်ကြောင့် ခေါင်းငုံ့၍သာနေတော့သည်။
 
"ကျွန်တော်ဆက်ပြောလို့ အဆင်ပြေပါ့မလား မမေဆောင်း"
 
"ရပါတယ် ပြောပါရှင်"
 
ကိုမင်းခေါင်က မမေဆောင်းကို ဂရုဏာသက်စွာ တစ်ချက်ကြည့်လိုက်ပြီး စကားစဆက်ပြောသည်။
 
"အဲ့ဒီအရောင်ကိုကြည့်ခြင်းအားဖြင့် ဦးရှောင်တိတ်ဟာ ရမ္မက်ကြီးသူ၊ အကြမ်းဖက်တတ်သူဖြစ်မယ်လို့ ကျုပ်တော့ ကောက်ချက်ချမိတာပဲ၊
နောက်ပြီး အိပ်ခန်းစားပွဲပေါ်က သူတို့လင်မယားဓါတ်ပုံလေးကိုကြည့်မိတော့ သူ့ရဲ့ဇနီးသာ သူ့ထက် အသက်ထက်ဝက်လောက်ငယ်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဆိုတာ သိရတယ်၊ ရုပ်ရည်အရလည်း မိန်းမကောင်းလေးတစ်ယောက်ဖြစ်ကြောင်းကောက်ချက်ချမိတယ်၊ ဒီတော့ သူတို့ကြားမှာ လိင်ကိစ္စ ပဋိပက္ခတွေများရှိနိုင်မလား ဆက်စဉ်းစားကြည့်တယ်"
 
စကားစကို ခဏရပ်လိုက်ပြီး စီးကရက်ကို တစ်ချက်ရှိုက်ဖွာလိုက်သည်။
ထို့နောက် အေးဆေးစွာဆက်ပြောသည်။
 
"ပထမဆုံး မသင်္ကာဖြစ်သွားမိစေတဲ့ အကြောင်းကတော့ အလောင်းကြီး ကိုယ်တိုင်ပဲ၊ အလောင်းဟာ အလွန်အေးစက်နေတယ်၊ မမေဆောင်းပြောပုံအရဆို သေဆုံးတာ ၂ နာရီလောက်ပဲရှိဦးမယ်ဆိုရင် နည်းနည်းတော့ နွေးနေရဦးမယ်၊ ဒီတော့ ဦးရှောင်တိတ်ဟာ မနေ့ညက သို့မဟုတ် ဒီနေ့မနက်စောစော သေဆုံးခဲ့ပုံရတယ်လို့ ခန့်မှန်းရတယ်၊
နောက်တစ်ချက်က သတိထားမိလား အလောင်းမှာ ဝတ်ထားတဲ့ အင်္ကျီတွေက မီပူတိုက်ရာတောင် မပျောက်သေးဘူး ကော့စင်းနေတယ်"
 
"အွန်းလေ အဲ့ဒါက သူမသေခင် ကျကျနနဝတ်စားပြီးမှာ ကြိုးဆွဲချသွားတာမဖြစ်နိုင်ဘူးလား၊ ကျုပ်အတွေ့အကြုံအရ မသေခင်အဲ့ဒီလို လုပ်တတ်တဲ့လူတွေရှိတယ်ဗျ"
 
"အွန်း ဟုတ်ပါတယ်၊ ဒါပေမယ့် ထူးခြားတာက ဦးရှောင်တိတ်ရဲ့ ဆံပင်တွေဗျ၊ အဝတ်အစားတွေက ကော့ကျော့နေပေမယ့် ဆံပင်တွေက အခုမှ အိပ်ယာထသလို ရှုပ်ပွနေတယ်လေ၊
နောက်ပြီးသေချာကြည့်ရင် သူ့လည်ပင်းမှာ ကြိုးရာက နှစ်ရာရှိတယ်၊ ကြိုးဆွဲချထားတဲ့ ကြိုးကြောင့်ပေါ်လာတဲ့အရာက မေးစေ့နဲ့ကပ်နေတယ်၊ ဒါပေမယ့် အောက်နားမှာ နောက်ထပ်ကြိုးအရာတစ်ခုရှိသေးတယ်၊ တကယ်တမ်း ဦးရှောင်တိတ်သေသွားတဲ့ အဲ့ဒီကြိုးအရာကြောင့်ပဲ၊
အဲ့ဒီတော့ ကျုပ်က ဒီလိုကောက်ချက်ဆွဲလိုက်တယ်၊ ဦးရှောင်တိတ်ဟာ မနေ့ညကအိပ်နေတုန်း လည်ပင်းကိုကြိုးနဲ့ရစ်ပြီး အသတ်ခံလိုက်ရတယ်၊ ပြီးမှ အလောင်းကို ကြိးဆွဲချတဲ့ပုံဖြစ်အောင်လုပ်၊ အဝတ်အစားအသစ်တွေပြန်လဲပေးလိုက်တာ၊
ဒီတော့ မသေခင် ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့မှာပဲ၊ အဲ့ဒါကြောင့်ကျုပ် အိပ်ယာနားကိုသွားစစ်ဆေးတော့ အိပ်ယာကတော့ အတော်လေး သပ်သပ်ရပ်ရပ်ဗျ၊ ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ လက္ခဏာ ဘာတစ်ခုမှမတွေ့ဘူး၊ ကျုပ်လည်းစဉ်းစားရကျပ်သွားတယ်၊ ဒါပေမယ့် စားပွဲပေါ်က ဘရန်ဒီပုလင်းက လွတ်နေတဲ့ ကွင်းဆက်လေးတွေကို ချိတ်ပေးလိုက်တာပဲ၊"
 
ပြောရတာ မောသွားဟန်နှင့် ခဏတာ အနားယူလိုက်သည်၊ ကျွန်ုပ်လည်း သူပြောသမျှကို နားလည်စေရန် အကြောင်းအရာတစ်ခုခြင်းစီကို ပြန်စဉ်းစားနေ၏။
 
"အဲ့ဒီ ဘရန်ဒီပုလင်းက မနေ့ညကမှဖောက်ထားတာဗျ၊ ပုလင်းအဖုံးလေးက သက်သေပဲ၊ ဒါပေမယ့် ပုလင်းထဲမှာ အရက်ကတစ်စက်မှ မကျန်တော့ဘူး၊ ဘယ်သူက ဘရန်ဒီတစ်ပုလင်းလုံးကို တစ်ညတည်းကုန်အောင်သောက်နိုင်မှာလဲ၊ ဒါနဲ့ ကျုပ်ကြမ်းပြင်ကို ကုန်းပြီးအနံ့ခံကြည့်တော့ ထင်တဲ့အတိုင်း ဘရန်ဒီအနံ့ကိုရတော့တာပဲ၊ ဒီနေ့ မနေ့ညက ရုန့်ရင်းဆန်ခတ်ဖြစ်ပြီး ဘရန်ဒီပုလင်းက ကြမ်းပြင်ပေါ် မှောက်ကျခဲ့တယ်၊ ဒါပေမယ့် ခြောက်သွားအောင် ပြန်သုတ်ထားတယ်ဗျ၊
ဖြစ်နိုင်ချေကတော့ ဦးရှောင်တိတ်ရဲ့ အဝတ်အစားတွေနဲ့ ပြန်သုတ်ထားတာထင်တယ်၊
ပြီးတော့ ခုတင်ကိုလည်း သပ်ရပ်အောင် ပြန်ခင်းထားလိုက်တာပဲ၊
အဲခုတင်အောက်က တွေ့ရတဲ့ သေတ္တာလေးထဲက ပစ္စည်းတွေကတော့ အစကတည်းက ကျုပ်ထင်နေတဲ့ ဦးရှောင်တိတ်ရဲ့ စိတ်နေစိတ်ထားကို အတည်ပြုပေးလိုက်တာပဲ။"
 
ထိုစကားကိုပြောရင်း မမေဆောင်းကို လှမ်းကြည့်လိုက်သည်။
မမေဆောင်းမှာ ရှက်လွန်းလှ၍ ခေါင်းလေးငုံ့ပြီး မျက်နှာလေးနီရဲနေရှာပြီဖြစ်သည်။
လက်ကလေးနှစ်ဖက်ကိုလည်း ပူးကိုင်ပြီး ဆုပ်ချေနေရှာသည်။
 
"ဘာတွေလဲဗျ သေတ္တာထဲက"
 
"သေတ္တာထဲမှာက၊ အကြမ်းဖက်တဲ့ပစ္စည်းတွေပါ၊ လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့အကြမ်းဖက်ပစ္စည်းတွေပါ၊ ဥပမာ ကြိုးတွေ၊
လက်ထိတ်တွေ၊ သံကြိုးတွေ၊ ကြာပွတ်တွေ၊ ပါးစပ်ကိုစို့တဲ့အရာတွေ၊ မျက်လုံးကိုစည်းတဲ့အရာတွေပေါ့"
 
"အိုဗျာ ထူးထူးဆန်းဆန်း"
 
"ဒါပေါ့ အိုင်ပီ အရှက်အကြောက်ကြီးပြီး လိင်ကိစ္စကိုသိုဝှက်ကြတဲ့ ကျွန်တော်တို့လူမျိုးတွေအတွက်တော့ ထူးထူးဆန်းဆန်းပေါ့၊ ကျုပ်တရုတ်ပြည်ကိုရောက်ခဲ့တုန်းကတော့ ဇိမ်အိမ်တွေမှာ ဒါမျိုးတွေက အထူးအဆန်းမဟုတ်တော့ဘူး၊ တချို့ဇိမ်ခန်းတွေဆိုရင် အကျဉ်းထောင်အသေးစားပုံစံကိုလုပ်ထားကြတာ၊
တချို့လူတွေက လိင်ကိစ္စကိုတစ်ဖက်သားကို နှိပ်စက်ပြီးမှ အာသာဖြေကြတယ်၊ သူတို့ကို အင်္ဂလိပ်လို Master လို့ခေါ်တယ်၊
တချို့ကျ သူတို့နဲ့ပြောင်းပြန် ကိုယ်တိုင်အနှိပ်စက်ခံ၊ အနာခံပြီးမှ အာသာပြေကြပြန်တယ်၊ သူတို့ကတော့ Slave လို့ခေါ်တယ်၊ဒါကတချို့လူတွေမှာ ပင်ကိုယ်ပါလာတဲ့ ဗီဇစိတ်ဗျ၊ အခုထိတော့ ရှက်စရာလို့ သတ်မှတ်ထားတုန်းပေါ့ဗျာ၊ တကယ်တမ်းတော့ လိင်ကိစ္စမှာ နည်းနည်းလေးထူးခြားပြီး အာရုံခံစားချင်ကြတာပါ၊ ရှက်စရာကိစ္စတစ်ခုတော့ မဟုတ်ပါဘူး၊
အခု ဦးရှောင်တိတ်က အဲ့ဒီလို သူများကိုနှိပ်စက်ရတာ သဘောကျမယ့်လူဗျ၊ Master ပေါ့ဗျာ၊
အဲ့ဒီတော့ သူဘယ်သူ့ကို နှိပ်စက်မလဲ၊ သူ့ရဲ့ Slave အဖြစ်ထားမယ့်သူက ဘယ်သူဖြစ်မလဲ၊
မမေဆောင်းပဲပေါ့ဗျာ၊"
 
ကျွန်ုပ်လည်း မမေဆောင်းကိုလှည့်ကြည့်မိသည်။ ခေါင်းလေးငုံ့၍သာနေရှာ၏။
ဒီလောက်လှတဲ့ မိန်းကလေးကို ကျွန်တစ်ယောက်လို နှိပ်စက်သည်ဆိုသော ဦးရှောင်တိတ်ကို နားမလည်နိုင်။
ကျွန်ုပ်သာ ဒီမိန်းကလေးနှင့်အကြောင်းပါခဲ့လျှင် လက်ဖျားနှင့်ပင် မထိရင်မကိုင်ရက် အလှကြည့်နေမည်သာဖြစ်သည်။
ဤအတွေးကို ကျွန်ုပ်၏ အမျိုးသမီးသာသိပါက ကျွန်ုပ်အားသတ်လိမ့်မည်။
ကျွန်ုပ်အမျိုးသမီးမှာလည်း အသက် ၃၈ နှစ်အရွယ်ရှိသည့်တိုင် အတော်အတန်ချောမောလှပနေသေးသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။
 
"နောက်ဆုံး မမေဆောင်းသတ်လိုက်တာပဲလို့ တပ်အပ်ပြောနိုင်တဲ့ အချက်ကတော့ သူ့လက်က ဒါဏ်ရာပဲ၊ အဲ့ဒါကို ကျုပ်မြင်ချင်လို့ သူ့လက်ကို လှမ်းကိုင်ပြီး ကြည့်မိသေးတယ်လေ၊ အဲ့ဒီဒါဏ်ရာလေးက လက်သည်းကုတ်ရာဗျ၊ ဘယ်သူ့လက်သည်းလဲဆိုတော့ ဦးရှောင်တိတ်ရဲ့ လက်သည်းနဲ့ကုတ်ထားတဲ့အရာ၊
ဦးရှောင်တိတ်ရဲ့ လက်သည်းတစ်ခုထဲမှာ အရေပြားနဲ့ သွေးစလေးတွေရှိနေတယ်၊ အဲဒီတော့ မမေဆောင်းက ဦးရှောင်တိတ်မှောက်လျှက်အိပ်နေတုန်းမှာ အပေါ်ကနေတက်ခွပြီးလည်ပင်းကိုကြိုးနဲ့ ညှစ်သတ်ဖို့ ကြိုးစားတော့တာပဲ၊
ဦးရှောင်တိတ်က နိုးလာပြီး ကြိုးကိုဆွဲဖြုတ်ဖို့ကြိုးစားရင်း သူ့လက်သည်းနဲ့ မမေဆောင်းရဲ့လက်ကို ကုတ်မိသွားတာပဲ။"
 
အစအဆုံးရှင်းပြပြီးသွားချိန်တွက် မမေဆောင်းမှာ ကိုမင်းခေါင်၏မျက်နှာကိုသာ ငေးမော၍နေရှာတော့သည်။
ကိုမင်းခေါင်ကလည်း မမေဆောင်း၏ မျက်နှာလေးကို မမှိတ်မသုန်စိုက်ကြည့်နေရှာ၏။
ကျွန်ုပ်စိတ်ထဲမှာတော့ မမေဆောင်းကိုမြင်တိုင်း ကြိုးတုပ်၊ လက်ထိတ်ခတ်ပြီး အနှိပ်စက်ခံနေရပုံကိုပဲ လာမြင်နေ၏။
မတော်သင့်သည့် အကြောင်းအရာများမို့ ခေါင်းထဲက အမြန်ပြန်ထုတ်ပစ်လိုက်သည်။
 
"ကဲ ကျွန်တော်တို့ သွားကြစို့လား"
 
ကိုမင်းခေါင်က ပြောပြောဆိုဆိုနှင့် မတ်တပ်ထရပ်လိုက်သည်။
ကျွန်ုပ်လည်း သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းပြီးမတ်တပ်ရပ်လိုက်သည်။
မမေဆောင်းမှာ အားအင်ဖျော့တော့နေသဖြင့် သူမ၏လက်မောင်းတစ်ဖက်ကို ကိုင်၍မပေးသည်။
ကျွန်ုပ်ကို အားယူထလာပြီး
"မသွားခင် ကျွန်မ အပေါ့သွားချင်တယ်၊ ကျွန်မက လက်ထိတ်ဖြုတ်ပေးပါ၊"
 
သူ့လက်ကလေးနှစ်ဖက်ကို ရှေ့ကိုထိုးပေးတော့ ကျွန်ုပ်က ကိုမင်းခေါင်ကို လှမ်းကြည်သည်။ ကိုမင်းခေါင်က ခေါင်းညိတ်ပြလိုက်ပြီး
"သန့်စင်ခန်းကပြန်လာရင်တော့ ပြန်ပြီးခတ်ရပါလိမ့်မယ်၊ ခင်ဗျားရဲ့ လုံခြုံရေးအတွက်ပါ မမေဆောင်း"
 
"ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ်"
 
ကျွန်ုပ်ကသော့ယူပြီး လက်ထိတ်ဖြုတ်ပေးလိုက်တော့ မမေဆောင်းမှာ လက်ကောက်ဝတ်ကလေးနှစ်ဖတ်ကို ပွတ်ရင်း နောက်ဖေးထဲဝင်သွားသည်။
ကျွန်ုပ်မှာ သူမကိုကြည့်လိုက် လက်ထဲက ကိုင်ထားသော လက်ထိတ်ကိုကြည့်လိုက်နှင့် ကျန်ရစ်ခဲ့သည်။
ကိုမင်းခေါင်က ကျွန်ုပ်ကို ပြုံးစိစိနှင့်ကြည့်နေ၍ မလုံမလဲဖြစ်ရသေးတယ်။
ခဏကြာတော့ မမေဆောင်းပြန်ထွက်လာသည်။
အပေါ်ဝတ် ရင်စေ့စွယ်တာလေးဝတ်လာသည်။
ခုနကမြင်နေရသော သူ့လက်မောင်းသွယ်သွယ်ပြည့်ပြည့်လေးတွေကို မမြင်ရတော့။
စွယ်တာအင်္ကျီလက်ကလေးကို လက်ဖျံအထိဆွဲတင်လိုက်ပြီး အလိုက်သိစွာနှင့် လက်ကလေးနှစ်ဖက်ကို ရှေ့ထုတ်ပေးရှာသည်။
ကျွန်ုပ်လည်း စိတ်မကောင်းစွာနှင့် ထိုလက်လေးနှစ်ဖက်ကို လက်ထိတ်ခတ်လိုက်သည်။
ထို့နောက် ကိုမင်းခေါင်ကရှေ့မှ မဆောင်းကအလယ် ကျွန်ုပ်ကနောက်ဆုံးမှနေပြီး အိမ်အပြင်ထွက်ခဲ့ကြသည်။
အိမ်အပြင်တွင်ရှိနေသော လူအုပ်ကြီးမှာ ဟင်ခနဲ ဟာခနဲဖြစ်သွားပြီး အမျိုးမျိုးတီးတိုးပြောကြတော့သည်။
 
"ဟာ လူသတ်သမားက သူ့မိန်းမတဲ့"
 
"အေး ပိုက်ဆံတွေလိုချင်လို့ သတ်လိုက်တာဖြစ်မယ်"
 
"ဟဲ့ ဦးရှောင်တိတ်ကြီးကလည်း နောက်မီးလင်းနေတာလားမှမသိတာ"
 
"လူသတ်တရားခံက အတော်လှတယ်နော်" 
စသဖြင့် ပြောကြသည်။
 
လူရှေ့သူရှေ့တွင် မမေဆောင်းမှာ ရှက်လှပြီဖြစ်သည်။
တရားခံအဖြစ် လက်ထိတ်အခတ်ခံထားရသည့်အပြင် ထင်ကြေးတွေလျှောက်ပြောနေကြသော စကားသံများကြောင့် ဝမ်းနည်းလာသည်။
ကိုမင်းခေါင်က ဒါကိုရိတ်မိ၍ လူအုပ်ကြားမှာဖြတ်ခါ ခပ်သုတ်သုတ်လျှောက်ပြီး ကားအနောက်တံခါးကို ဖွင့်ပေးလိုက်သည်။
မမေဆောင်းလည်း ကားအနောက်ခန်းထဲကို ငုံ့ဝင်သွားသည်။
ထို့နောက် ဒရိုင်ဘာနေရာတွင် ကျွန်ုပ်က ဝင်ထိုင်လိုက်ပြီး ပုလိပ်ရုံးသို့ မောင်းထွက်ခဲ့ကြလေတော့သည်။ 
 
ထိုရောက်လျှင် မမေဆောင်းထံမှ ဖြောင့်ချက်ယူရဦးမည်။
သူနှင့် ဦးရှောင်တိတ်တို့၏ ဆက်ဆံရေးအကြောင်းကို ရေးမှတ်ရပေဦးတော့မည်။
သည်းမည်းစွာရွာလာသော မိုးထဲတွင်၊ ယောက်ျားနှစ်ယောက်နှင့်၊ လက်ထိတ်အခတ်ခံထားရသော တရားခံအမျိုးသမီးချောလေးတစ်ယောက်ပါသော ကားကလေးသည် တရွေ့ရွေ့နှင့် ပြေးနေလေတော့သည်။
 
 
Cha Cha

Comments

Popular posts from this blog

Mistress in submission

 

မှောင်မိုက်ခြင်းရဲ့ နောက်ကွယ် - ၂

  အောက်ပါ အဖြစ်အပျက်များမှာ တရားခံ ဒေါ်မေဆောင်း အသက် ၂၇ နှစ် အဘ - ၏ ဖြောင့်ချက်များဖြစ်ပြီး စာဖတ်သူ မငြီးငွေ့စေရန် ဇာတ်လမ်းအဖြစ် ပြန်လည် ရေးသားတင်ပြလိုက်ရပေသည်။ * * * * ကျွန်မနာမည်က မေဆောင်းပါ။ ဒီဇင်ဘာလကြီးထဲမှာမွေးလို့ထင်ပါရဲ့ အမေက အဲ့ဒီလိုနာမည်ပေးခဲ့တာ။ ကျွန်မအဖေကိုတော့ မမှတ်မိခဲ့ဘူး။ ကျွန်မ တစ်နှစ်အရွယ်လောက်ကတည်းက ဆုံးသွားခဲ့တာလို့ အမေကပြောတယ်။ အဖေမရှိတဲ့ ကလေးတစ်ယောက်ပေမယ့် ဘယ်တုန်းကမှ မျက်နှာမငယ်ခဲ့ရပါဘူး။ အမေကလည်း ကျွန်မကို ဘယ်သူ့ကိုမှ အောက်မကျို့ဖို့၊ အရှုံးမပေးဖို့ အမြဲတမ်းသွန်သင်ခဲ့တယ်။ ပြီးတော့ ကိုယ်ကျင့်တရားကို အသက်နဲ့အမျှ အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်ဖို့ ဆုံးမခဲ့တယ်။   အမေဟာ မုဆိုးမတစ်ယောက်ပေမယ့် ကျွန်မကို တက္ကသိုလ်ရောက်တဲ့အချိန်ထိ ကျောင်းထားပေးခဲ့တယ်။ အဖမဲ့ ကလေးတစ်ယောက်ဆိုတာ ကိုယ့်ဘဝကိုယ်သိလို့ သူများထက် အများကြီးပိုကြိုးစားခဲ့တယ်။ ကျွန်မ တက္ကသိုလ်ရောက်တော့ အသက်က ၁၈ နှစ်ရှိပြီ။ ပိုးတဲ့ပန်းတဲ့သူတွေကလည်း အများသား။ သူတို့ ချစ်ကြတာ ကျွန်မရဲ့ ဝါညက်တဲ့အသား၊ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်အချိုးအစား၊ ရှည်လျားတဲ့ဆံနွယ်တွေနဲ့ ကြည်လင်တဲ့ မျက်နှာကိုပါ။ ကုန်ကုန်ပြောရရင် ဒီလို ...